Apple Event October, 2020 မှာ ဘာတွေမိတ်ဆက်ပေးခဲ့လဲ ??

Date: 14/10/2020

မနေ့ညက အောက်တိုဘာလ ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲအချိန်မှာ Apple Event, October ကို ကျင်းပခဲ့တာဖြစ်ပါတယ်။ အဆိုပါ Event မှာ ဘာတွေမိတ်ဆက်ပေးခဲ့လဲ? ဘာတွေ အသစ်အသစ်တွေ ပါဝင်လာခဲ့လဲဆိုတာကို ကျွန်တော်တို့မိတ်ဆွေများ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

HomePod mini

ပထမဦးဆုံးစတင်မိတ်ဆက်လိုက်တာကတော့ Apple ရဲ့ HomePod Family မှာ အသစ်ဖြစ်တဲ့ HomePod mini ပဲဖြစ်ပါတယ်။ HomePod mini မှာ အသံပိုင်းပိုမိုကောင်းမွန်အောင်လုပ်ထားပြီး Siri နဲ့အတူ Intelligent Assistant ထောက်ပံပေးမယ်၊ Smart Home ဖြစ်မယ်၊ Privacy and Security ပိုင်းလည်း ထောက်ပံ့ပေးထားတယ်။

HomePod mini မှာ Full-range dynamic driver နဲ့ Bass response အတွက် two passive radiators ပါဝင်ပြီး Apple S5 chip တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ ဒါတွေတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အိမ်ထဲမှာရှိနေတဲ့ HomePod mini တွေအချင်းချင်း Sync လုပ်နိုင်သလို အခန်းတစ်ခုတည်းမှာ HomePod mini နှစ်လုံးထားပြီး Stereo pair လုပ်နိုင်မှာဖြစ်ပါတယ်။

HomePod mini ဟာ သင့်ရဲ့ iPhone အနီးနားရောက်လာရင် အလိုအလျှောက်သိရှိနားလည်နိုင်မှာဖြစ်ပါတယ်။ သင်ကိုယ်တိုင်လည်း သိရှိနိုင်အောင် Haptic Effects နဲ့ အချက်ပေးမှာဖြစ်ပြီး အလွယ်တကူ Apple Music, Podcasts, iHeartRadio, Radio.com, TuneIn, Pandora နဲ့ Amazon တို့ကို အသုံးပြုနိုင်ပါတယ်။

HomePod နဲ့ သင့်ရဲ့ iPhone ချိတ်ဆက်ထားပြီး "Hey Siri, what's my update?" လို့ပြောလိုက်တာနဲ့ သင့်အတွက် Calendar, Weather, Reminders, etc... အစရှိသဖြင့် သတင်းအချက်အလက်တွေကို HomePod mini ကတစ်ဆင့် ပြောပြပေးမှာဖြစ်ပါတယ်။ ပြောချင်တဲ့သူပြော ဒီအဖြေပဲ ဖြေတာမျိုးမဟုတ်ပဲ မိမိအိမ်မှာ လူ ၃ ယောက် ချိတ်ဆက်ထားရင် ၃ ယောက်စလုံးရဲ့ အသံကို HomePod mini က အလိုအလျောက်သိပြီး တစ်ယောက်ချင်းစီအတွက် သီးသန့်ဖြေကြားပေးမှာပါ။

ဒါ့အပြင် HomePod mini ဟာ CarPlay အသုံးပြုသူများအတွက်လည်း သွားမယ့်လမ်းကြောင်းကို Suggestions ကြိုတင်လုပ်ခိုင်းနိုင်သလို၊ HomeKit တွေနဲ့လည်း Integrates လုပ်နိုင်ပါတယ်။ ဒါတွေထက် ထူးခြားတာလေးတခုကတော့ Intercom Features ပါပဲ။ HomePod ကနေ အခြားတစ်ယောက်ကို Intercom ပြောသလို လှမ်းပြောလို့ရသလို iPhone, iPad, Apple Watch, CarPlay စတာတွေကတဆင့် Audio Messages ကို Broadcast လုပ်နိုင်မှာဖြစ်ပါတယ်။

HomePod mini ကို လာမယ့် November 6 မှာ Pre-order လက်ခံသွားမှာဖြစ်ပြီး November 16 မှာ Shipping လုပ်သွားမယ်လို့ Apple က ပြောပါတယ်။ သူ့ရဲ့ စျေးနှုန်းကတော့ $99 ဖြစ်ပြီး အရောင်ကတော့ Space Grey နဲ့ White နှစ်ရောင်ဖြစ်ပါတယ်။

iPhone 12

အားလုံးမျှော်လင့်နေတဲ့ iPhone လာပါပြီ။ iPhone အသစ်ကို 5G Network နဲ့ စတင်မိတ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။ အဓိကတော့ 5G Network ဟာ Upload/ Download ဘယ်လိုမြန်တယ်၊ ဖုန်းကိုလည်း ပိုမြန်စေတယ် ဘာညာပေါ့ခင်ဗျာ။

ဟုတ်ကဲ့... iPhone 12 ကို Aluminium Frame နဲ့ ထွက်ရှိခဲ့တဲ့ Leak Design များအတိုင်း ဟိုးယခင် iPhone 5 Design လိုမျိုး Flat Edges လေးနဲ့ထွက်လာပါတယ်။ 5G Network လည်းပါဝင်လာတာကြောင့် Apple ဟာ သူ့ရဲ့ iPhone 12 ကို Rearchitected လုပ်ပြီး Antennas တွေကို Aluminium Frame ထဲမှာ ထည့်ပေးထားတာဖြစ်ပါတယ်။

အရောင်အားဖြင့် iPhone 12 ကို Black, White, Green, Blue နဲ့ (PRODUCT)RED ဆိုပြီး (၅) ရောင်ထုတ်လုပ်ပေးထားပါတယ်။ iPhone 12 မှာ 6.1-inch Display ကို Super Retina XDR Display တပ်ဆင်ပေးထားပြီး ယခင် Model ထက် 11% ပိုပါးမယ်၊ 15% ပိုသေးမယ်၊ 16% ပိုပေါ့ပါးမှာဖြစ်ပါတယ်။

ဟုတ်ပြီ... Chipset အကြောင်းပြောရအောင်။ ပြီးခဲ့တဲ့လပိုင်းက iPad အသစ်မှာထည့်သွင်းအသုံးပြုထားတဲ့ Apple A14 Bionic Chip ကို အခု iPhone 12 မှာ ထည့်သွင်းအသုံးပြုပေးထားတာဖြစ်ပါတယ်။ A14 Bionic Chip ဟာ 5nm process technology ကိုအသုံးပြုထားတာဖြစ်ပြီး iPhone 12 ဟာလည်း 5nm process technology အသုံးပြုတဲ့ ပထမဦးဆုံး Smartphone ဖြစ်ပါတယ်။

A14 Bionic ဟာ A13 Bionic ထက် 40% ပိုမိုမြန်ဆန်ပြီး 6-core CPU/ 4-core GPU ဖြစ်တာမို့ အခြား Smartphone အားလုံးထက် 50% ပိုမိုမြန်ဆန်တယ်လို့သိရပါတယ်။ iPhone ကတော့ အားလုံးသိကြတဲ့အတိုင်းပဲ Gaming ပိုင်းမှာဖြစ်ဖြစ်/ အခြား Performance ပိုင်းတွေမှာဖြစ်ဖြစ် အခြားဖုန်းတွေထက် ပိုမြန်တာသိပြီးသားဖြစ်မှာပါ။

iPhone 12 မှာ Dual-camera ကိုတပ်ဆင်ပေးထားပြီး Ultra wide 12MP camera နဲ့ 12MP Wide-camera f/1.6 ကို တပ်ဆင်အသုံးပြုထားပါတယ်။ ဒါ့အပြင် iPhone ရဲ့ Low-light performance ကို ပိုမိုကောင်းမွန်အောင်လုပ်ထားတာတွေ့ရပြီး tripod အသုံးပြုပြီး Night Mode Time-lapse ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

iPhone 12 ရဲ့ Wireless Charging ပိုင်းကိုလည်း ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ထားပါတယ်။ အထူးအဆန်းအနေနဲ့ Magnetic Cases နဲ့ MagSafe for iPhone စတာလေးတွေမိတ်ဆက်ပေးတာတွေ့ရပါတယ်။ iPhone နဲ့ WATCH တစ်ပြိုင်တည်းအားသွင်းနိုင်တဲ့ MagSafe Duo Charger လေးလည်း ပြောသွားတာတွေ့ရပါတယ်။

iPhone 12 Series နဲ့ ဒီနေ့ကနေ နောက်ပိုင်းထုတ်လာမယ့် iPhone တွေမှာ Lightning Earphones နဲ့ Power Adapter ပါဝင်တော့မှာမဟုတ်ပါဘူး။ iPhone Box ထဲမှာ iPhone နဲ့ USB-C to Lightning Cable သာပါဝင်တော့မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ Carbon လျှော့ချဖို့နဲ့ Apple Users အတော်များများဟာ အဲ့ဒီပစ္စည်းတွေရှိနှင့်ပြီးသားဖြစ်တာရယ် Wireless Earphone တွေနဲ့ အခြား 3rd Party Adapter တွေအသုံးပြုနေပြီဖြစ်တာကြောင့်လို့ ပြောပါတယ်။ (သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက် အဓိက ရည်ရွယ်ရခြင်း ဖြစ်ပါတယ်လို့ ဆိုပါတယ်)

iPhone 12 mini

iPhone 12 Series မှာတော့ ယခင် Series တွေလို မဟုတ်ပဲ iPhone 12 mini ဆိုပြီး 5.4-inch Edge-to-edge Display နဲ့ Model အသစ်တစ်ခုတိုးလာပါတယ်။ iPhone 12 mini ဟာ iPhone 12 နဲ့ Specifications တွေ Features အားလုံးတူညီပြီး Screen size တမျိုးတည်းသာ ပြောင်းလဲထုတ်လုပ်ထားတာဖြစ်ပါတယ်။

iPhone 12 Pro

iPhone 12 Pro ကတော့ iPhone 12 နဲ့ Design ပိုင်းဆင်တူပြီး 6.1-inch Display နဲ့ပဲဖြစ်သလို Triple-camera setup နဲ့ဖြစ်သွားပါတယ်။ iPhone 12 Pro မှာ Premium materials, Stainless steel band နဲ့အတူ precision-milled back glass ထည့်သွင်းထုတ်လုပ်ထားပြီး အရောင်အားဖြင့် Silver, Graphite, Gold နဲ့ Pacific Blue ဆိုပြီး (၄)​ ရောင်ထုတ်လုပ်ပေးထားပါတယ်။

Ceramic Shield ပါဝင်ပြီး Water and Dust Resistant ကတော့ IP68 ဖြစ်ပါတယ်။ ရေအနက် ၆ မီတာအထိ မိနစ် (၃၀) နစ်မြုပ်နိုင်တယ်လို့ပြောထားပေမယ့် Water Damage နဲ့ပတ်သတ်ပြီး Apple ရဲ့ ဖြေရှင်းမှုတွေအရ​ Warranty အကျုံးမဝင်ပါဘူး။ ဒီသတ်မှတ်ချက်တွေကလည်း စမ်းသပ်ခန်းမှာ စနစ်တကျ စမ်းသပ်စစ်ဆေးထားတာဖြစ်တဲ့အတွက် အခြားပြင်ပရေအမျိုးအစားကွာခြားမှုတွေနဲ့ အခြားအခြေအနေတွေကြောင့် ကွဲပြားနိုင်ပါတယ်။

iPhone 11 Series မှာပါဝင်ခဲ့တဲ့ Deep Fusion iPhone 12 Series မှာလည်း Front-facing camera အပါအဝင် Camera အားလုံးမှာအသုံးပြုပေးထားတယ်လို့သိရပါတယ်။ iPhone 12 Series ရဲ့ Low-light ပိုင်းကို ယခင် ​Model တွေထက် 87% ပိုမိုကောင်းမွန်ပြီး Smartphone Photography သမားတွေအတွက် Apple ProRAW ဆိုတဲ့ Feature ကို ဒီနှစ်ကုန်နောက်ပိုင်းမှာ iPhone 12 Pro အတွက် iPhone Camera App မှာ ထည့်သွင်းပေးသွားမယ်လို့သိရပါတယ်။

Apple ProRAW ဟာ Photos App ထဲမှာ Edit လုပ်နိုင်သလို အခြားသော Professional Photo Editing Apps တွေနဲ့လည်း Edit လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် HDR Video Recording လည်းပါဝင်လာပါပြီ။ iPhone 12 Pro မှာ Dolby Vision HDR ကို Record လုပ်ပြီး Dolby Vision မှာ Direct Edit ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ နောက်ပြီး LiDAR Scanner ပါဝင်လာတာမို့ Camera ပိုင်းပိုမိုကောင်းမွန်လာမှာဖြစ်ပြီး Low-light Scenes မှာ Autofocus ပြုလုပ်နိုင်မယ်လို့ဆိုပါတယ်။

iPhone 12 Pro Max

iPhone 12 Pro Max ကတော့ iPhone 12 Pro နဲ့ Design ပိုင်း Features တွေ အားလုံးအတူတူပဲဖြစ်ပြီးတော့ Screen size မှာပဲ 6.7-inch နဲ့ ဖြစ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် အခုအသစ်ထွက်ရှိလာတဲ့ iPhone 12 Series ဟာ 11 Series လို Model (၃) ခုတည်းမဟုတ်တော့ပဲ၊ iPhone 12, iPhone 12 Pro, iPhone 12 Pro Max နဲ့ iPhone 12 mini ဆိုပြီး Model (၄) မျိုးဖြစ်သွားမှာဖြစ်ပါတယ်။

နောက်ပြီး SIM Card (Single SIM/ Dual SIM) နဲ့ပါတ်သတ်ပြီးထည့်မပြောသွားပေမယ့် ထုံးစံအတိုင်း China နဲ့ Hong Kong Region အလုံးတွေကတော့ Physical Dual SIM ဖြစ်ဖို့များပါမယ်။ ကျန်တဲ့ Region တွေကတော့ SIM + eSIM ပါ။ iPhone 12 Series အားလုံး အဲ့ဒီတိုင်း ဖြစ်/ မဖြစ်တော့ သေချာမပြောတတ်သေးပါဘူး။

စျေးနှုန်းနဲ့ ရောက်နိုင်မဲ့အချိန်

အသစ်ထွက်ရှိလာတဲ့ iPhone 12 နဲ့ iPhone 12 Pro ကို Apple Store မှာ လာမဲ့ #October (16) မှာ Pre-order စလက်ခံမှာဖြစ်ပြီး October 23 မှာ Shipping စလုပ်မှာဖြစ်ပါတယ်။ iPhone 12 mini နဲ့ iPhone 12 Pro Max ကို Apple Store မှာ နောက်လ လာမဲ့ November 6 မှာ Pre-order စလက်ခံမှာဖြစ်ပြီး November 13 ရက်နေ့မှာမှ Shipping စလုပ်မှာဖြစ်ပါတယ်။

အရင်တုန်းကတော့ Apple Product တွေက ပစ္စည်း အသစ်ထွက်ပြီး ၁ လခွဲ ၂ လလောက်နေမှ ဒီဘက် စျေးကွက်ထဲကို ပစ္စည်းရောက်လေ့ရှိပေမဲ့ အခုနောက်ပိုင်းတော့ ဟိုဘက်မှာ ပစ္စည်း စထွက်ပြီး အကြာဆုံးအနေနဲ့ တစ်ပတ်လောက်ဆိုရင်ကို ဒီဘက်ကို ပစ္စည်းရောက်လာပါပြီ။ လက်ရှိအချိန်မှာ မြန်မာပြည်ကိုရောက်လာတဲ့အခါ ဖြစ်နိုင်မဲ့ စျေးနှုန်းကို အတိအကျ မပြောနိုင်သေးပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ Win Mobile World ရဲ့ ပြုလုပ်နေကြ ပုံစံအတိုင်းပဲ စိတ်ဝင်စားမဲ့ မော်ဒယ်၊ အရောင်၊ Capacity လေးတွေကို Facebook Page Messenger မှာ ဖြစ်ဖြစ်၊ WMW Hotline - 09 785 222 888 ကိုဖြစ်ဖြစ် ဆက်သွယ်ပြီး နာမည်ရယ် ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်ရယ်ကို ပေးထားလို့ရပါတယ်။ ပစ္စည်းရောက်တာနဲ့ တစ်ပြိုင်နက် ကျွန်တော်တို့က စျေးနှုန်းရယ်၊ ရနိုင်မရနိုင်ရယ်ကို ပြန်လည် ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။

Pre-order သဘောမျိုး ငွေကြိုယူပြီး ကောက်ခံခြင်း လုံး၀ မလုပ်ပါဘူး၊ ပစ္စည်းကို ကြည့်ပြီးမှ ကိုယ်ကြိုက်တဲ့ မော်ဒယ်ကို ရွေးဝယ်မယ်ဆိုတဲ့သူတွေအတွက် Live Display Unit လေးတွေ ထားပေးသွားမှာ ဖြစ်ပါတယ်။

Top