ရာသီဥတုကြောင့် လူတွေပဲပူအိုက်တတ်တာမဟုတ်ပါဘူး၊ ဖုန်းတွေလည်း ပူတတ်ပါတယ်နော်
အားလုံးပဲ မင်္ဂလာပါခင်ဗျာ...
ကျွန်တော်တို့နိုင်ငံမှာ အခုဆိုရင် နွေရာသီရောက်လာပြီဆိုတော့ ရာသီဥတုကလည်း သိသိသာသာကိုပိုပူလာသလို COVID-19 တွေကလည်း ဘာလိုလို ညာလိုလို အသံတွေကလည်းကြားနေရတယ်ဆိုတော့ နေ့လည်နေ့ခင်းတွေ အပြင်ထွက်တဲ့အခါ ခေါင်းဆောင်းဖို့ တခုခုယူသွားဖို့နဲ့ လူစုလူဝေးနေရာလေးတွေ အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့ ကျွန်တော်တို့မိတ်ဆွေများကို တိုက်တွန်းရင်း နေ့စဥ်အသုံးပြုနေရတဲ့ Smartphone လေးတွေကို ဂရုစိုက်ဖို့ လိုအပ်လာပြီဖြစ်တဲ့အကြောင်း ပြောပါရစေခင်ဗျ။
Smartphone တွေမှာ ဖုန်းရဲ့အလုပ်လုပ်တာကြောင့် ဖြစ်ပေါ်တတ်တဲ့ အပူချိန်ရှိသလို၊ ပြင်ပ ရာသီဥတုကလည်း အပူချိန်တိုးလာလို့ ပူလာတာမျိုးလည်းရှိတတ်ပါတယ်။ အခုဆိုရင် ဘယ်ဖုန်းပဲဖြစ်ဖြစ် (Android/ iOS) ဒီတိုင်းထားတာပဲဖြစ်ဖြစ်/ သုံးနေရင်ဖြစ်ဖြစ် ပူနေတာမျိုးတွေ ရှိတတ်ပါတယ်ခင်ဗျာ။
အဲ့ဒီလိုဖြစ်လာပြီဆိုရင် အထူးသဖြင့် PUBG Mobile ပဲဖြစ်ဖြစ် Mobile Legends ပဲဖြစ်ဖြစ် ဆော့ကစားတဲ့အခါ ဆော့နေရင်း Screen Brightness ကျသွားတာမျိုး၊ Frame Rate ကျသွားတာမျိုး၊ Facebook, YouTube စတာတွေသုံးရင်း လက်ထဲပူလာတယ်လို့ ခံစားရတာမျိုးတွေ ကြုံလာရတတ်ပါတယ်။
ဒါကြောင့် မိမိဖုန်းကို AirCon မရှိတဲ့နေရာမျိုးတွေမှာဆိုရင် Cellular (Mobile Data) နဲ့ Game ဆော့တာမျိုးကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။ မတတ်နိုင်လို့ ဆော့ခဲ့ရင်တောင်မှ တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက်ဆော့ကစားတာထက် ဖုန်းရဲ့အခြေအနေကိုကြည့်ပြီး Restart လုပ်ပေးတာပဲဖြစ်ဖြစ်၊ ခဏအေးအောင်လို့ထားပြီးမှ ပြန်ဆော့တာမျိုးပဲဖြစ်ဖြစ် နားနားပြီး ဆော့သင့်ပါတယ်။
နောက်တစ်ခုကတော့ တချို့မိတ်ဆွေတွေအနေနဲ့ မိမိတို့ရဲ့ Smartphone လေးတွေကို ထိမိခိုက်မိမှာစိုးတာကြောင့် Case/ Cover အထူကြီးတွေတပ်ပြီး အသုံးပြုကြတာပါပဲ။ အဲ့လို Case/ Cover မျိုးတွေတပ်သုံးခြင်းက အခုလို ရာသီဥတု ပူလာတာမျိုးမှာ ရှောင်သင့်ပါတယ်။ နောက်ပြီး ကားမောင်းရင်း ဖုန်းကို Car Dashboard ပေါ်တင်ထားတာမျိုးဆိုရင်လည်း နေတိုက်ရိုက်ထိုးတဲ့အခါ ဖုန်းက အရမ်းပူလောင်နေတတ်ပါတယ်။
Smartphone တွေမှာ ပုံမှန်ထက်ပူတဲ့အချိန်ကတော့ ဖုန်းအားသွင်းထားစဥ်ဖြစ်ပါတယ်။ ခုလိုရာသီဥတုမျိုးမှာဆိုရင် ဖုန်းအားသွင်းရင်း ဖုန်းသုံးတာကို ရှောင်ရှားသင့်ပါတယ်။ အားသွင်းရင်း တန်းလန်း ဂိမ်းဆော့တာမျိုးဆိုရင်လည်း တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်ခင်ဗျာ။ အဲ့ဒီလိုမဟုတ်ရင် တန်ဖိုးကြီးပေးဝယ်ထားရတဲ့ Smartphone တလုံးရဲ့ Battery က အချိန်ခဏလေးနဲ့ ထိခိုက်လာနိုင်ပါတယ်ခင်ဗျာ။
နောက်ထပ်လုပ်ဆောင်သင့်တာလေးတွေကတော့ ဖုန်းထဲမှာ Applications တွေသုံးပြီးတဲ့အခါ ပုံမှန် Recent ကိုရှင်းပေးပါ။ Location Service ကိုလည်း မလိုအပ်ရင်ပိတ်ထားပါ။ အမြဲအသုံးပြုလေ့မရှိတဲ့ WiFi/ Bluetooth စတာတွေကိုလည်း မလိုအပ်ရင်ပိတ်ထားပါ။ ပုံမှန်အမြဲအသုံးပြုလေ့ရှိတဲ့ Applications တွေနဲ့ ဖုန်းရဲ့ OS Version ကို Latest Version ထိ အမြဲ Up to Date ဖြစ်နေအောင်ထားပါ။
iPhone တွေမှာဆိုရင်လည်း ထွက်တဲ့ iPhone Series လေးတွေအလိုက် Screen Size ကြီးတာ သေးတာအပေါ်မူတည်ပြီး အပူချိန် ပုံမှန်ထက် အနည်းငယ်ပူတာမျိုးတွေရှိတတ်ပါတယ်။ အထူးသဖြင့် Plus Series နဲ့ Pro/ Max စတဲ့ Series တွေမှာ အပူချိန်ပိုသက်သာလေ့ရှိပါတယ်။ ခုလိုရာသီဥတုမျိုးမှာဆိုရင် Battery Health Percentage လေးတွေက သေချာအသုံးမပြုဘူးဆိုရင် ပိုပိုပြီး လျော့နည်းလာနိုင်ပါတယ်။
Android Smartphone တွေမှာဆိုရင်လည်း ဂိမ်းဆော့ဖို့ အဓိကအသုံးပြုတဲ့ Users တွေမှာ သုံးနေရင်း ပိုပိုပူလာတတ်တဲ့ အခါလေးတွေရှိနိုင်ပါတယ်။ Gaming Smartphone သုံးတဲ့သူဆိုရင် ပိုသိသာနိုင်ပါတယ်။ Gaming Smartphone ဖြစ်တာမို့ ပုံမှန်ဖုန်းတွေထက် Features တွေ ပိုကောင်း/ ပိုမြင့်ပေမယ့် အလုပ်လုပ်ရတဲ့ Performance ပိုင်းက ပိုပြီး မြန်/ များ တာကြောင့် အဆင်ပြေမယ်ဆိုရင် ဒီလိုရာသီဦတုမျိုးမှာ Cooling Fan လေးတွေတပ်ပြီး အသုံးပြုဖို့ အကြံပြုပါတယ်ခင်ဗျာ။