❝Power Bank ဝယ်ပြီး အန္တရာယ်ကင်းအောင် ဘယ်လိုသုံးရမလဲ..❞

Date: 11/03/2022

မီးတွေပြတ်တော့ WiFi ဆက်သုံးလို့ရအောင်၊ ဖုန်းလေးဘာလေးအားသွင်းလို့ရအောင်ဆိုပြီး Power Bank တွေ ကြိတ်ကြိတ်တိုးဝယ်နေကြတာတော့ ဟုတ်ပါပြီ။ Power Bank ကို သတိမထားဘဲ သုံးမိရင် ပျက်စီးတာမျိုး၊ ပေါက်ကွဲတာမျိုး ဖြစ်နိုင်တယ်ဆိုတာရော သိထားပြီးပြီလား..




➧ Power Bank ဆိုတဲ့အမျိုးက electronic device ဖြစ်တဲ့အတွက် ရေကြောက်ပါတယ်။ ရေတိုက်ရိုက်စိုတာပဲဖြစ်ဖြစ်၊ ရေငွေ့ပျံလွယ်တဲ့ နေရာမျိုးမှာ ထားရင်ပဲဖြစ်ဖြစ် သေချာပေါက်ပျက်မှာပါ။ ပြီးရင် ရေစိုနေတဲ့လက်နဲ့ Power Bank ကို အားမသွင်းမိစေဖို့သတိထားရပါမယ်။




➧ အပူလည်းကြောက်ပါတယ်။ အခုတလော ရာသီဥတုကလည်း ပူလာပြီဆိုတော့ Power Bank ထားတဲ့နေရာက နေနဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာမျိုး မဖြစ်ဖို့တော့လိုပါမယ်။ ပြီးရင် တီဗီရှေ့ထားမိတာမျိုး၊ မီးဖိုချောင်ထဲ သုံးစရာပေါ်လာလို့ မီးဖိုနားထားမိတာမျိုး မလုပ်မိစေဖဖို့ အထူး(အထူး) သတိထားရပါမယ်။ မဟုတ်ရင် အပူလွန်ကဲပြီး ပေါက်ကွဲတာမျိုးဖြစ်နိုင်ပါတယ်။




➧ အားသွင်းတာကိုလည်း ဂရုစိုက်ပေးပါ။ အခုလို မီးတွေပြတ်တဲ့အချိန် ပိုပြီးတော့တောင် ဂရုစိုက်သင့်ပါတယ်။ ညဘက်အိပ်တဲ့အချိန် Power Bank ကို အားသွင်းထားတာမျိုး၊ မီးပြတ်၊ မီးလာကလည်း တမေ့တမြောဆိုတော့ Power Bank အားသွင်းထားတာကို မေ့နေတတ်တာမျိုး၊ ဒါတွေကလည်း Power Bank ကို ပေါက်ကွဲစေနိုင်ပါတယ်။ နောက်ထပ်တစ်ခုက Power Bank ကို အားသွင်းတဲ့ ခေါင်းနဲ့ကြိုးတွေကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဒါတွေမကောင်းဘူးဆိုရင် Power Bank မှာ short circuit ဖြစ်ပြီး ရုတ်တရက် ပေါက်ကွဲတာမျိုးတွေဖြစ်လာနိုင်တယ်။




➧ Power Bank ကို အားသွင်းနေရင်းတန်းလန်းနဲ့ ဖုန်းတွေကိုထပ်အားသွင်းတာမျိုး မလုပ်မိပါစေနဲ့။ အဲ့ဒီအချိန်မှာ Power Bank က Input ရော Output ရော တစ်ပြိုင်တည်း အလုပ်လုပ်နေရတာဆိုတော့ အတွင်းပိုင်း circuit တွေ အပူလွန်ကဲတာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ Power Bank ရော ကိုယ့်ဖုန်းကိုပါ ပေါက်ကွဲစေဖို့ လမ်းစရှာတာနဲ့ အတူတူပါပဲ။




➧ Electronic device ဖြစ်တဲ့အတွက် ကလေးတွေကို လုံးဝ(လုံးဝ) ပေးမဆော့မိပါစေနဲ့ခင်ဗျာ။

Top