❝ P O W E R B A N K ဘယ် လို ရွေး ❞

Date: 11/03/2022

အခြေအနေနဲ့ အချိန်အခါအရ မရှိမဖြစ် ဆောင်ထားရမဲ့ Power Bank တွေကို ဘယ်လို ရွေးဝယ်ရမလဲ၊ ဘာတွေကို အဓိက သိထားဖို့လိုမလဲ၊ ကိုယ့်အတွက် အဆင်အပြေဆုံး Power Bank က ဘာတွေ ဖြစ်မလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ တစ်ပုံချင်းစီကို ဆက်ပြီး ကြည့်ပေးပါ ..။

 



မဝယ်ခင် အရင်ဦးဆုံး သူ့ရဲ့ အခေါ်အဝေါ်တွေကို သိထားရပါမယ်။


- Capacity : Power Bank မှာ ပါတဲ့ ပါဝါပမာဏ ဖြစ်ပါတယ်၊ ပုံမှန်အားဖြင့် mAh (miliamp hours) နဲ့ တိုင်းတာပါတယ်။

- Input : Power Bank ကို အားပြန်သွင်းဖို့အတွက် လိုအပ်တဲ့ ပါဝါပမာဏ ဖြစ်ပါတယ်။

- Output : Power Bank ကနေ ကိုယ့်ရဲ့ devices တွေကို အားပြန်ပေးတဲ့ ပါဝါပမာဏ ဖြစ်ပါတယ်။

- Port : Power Bank မှာပါတဲ့ အသုံးပြုရမဲ့ အပေါက်တွေ ဒါမှမဟုတ် ချိတ်ဆက်သုံးရမဲ့ အပေါက် အမျိုးအစားတွေ ဖြစ်ပါတယ်။




■ Size vs Power


အရွယ်အစားနဲ့ အား ဘယ်လောက်ပါလဲဆိုတာကို တစ်ချက်ကြည့်ပြီး ရွေးရပါမယ်။

5000 mAh - 10000 mAh လောက် ရှိတဲ့ Power Bank အမျိုးအစားတွေက ပိုက်ဆံအိတ်၊ ကျောပိုးအိတ် စတာတွေမှာ ပေါ့ပေါ့ပါးပါးနဲ့ အလွယ်တကူ သယ်သွားလို့ရတဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။

ဒီ ပေါ့ပေါ့ပါးပါး Power Bank တွေက ကိုယ့်ဖုန်းအတွက် တစ်ခါ (ဒါမှမဟုတ်) နှစ်ခါနီးပါးလောက်ထိ အားသွင်းလို့ ရနိုင်ပါမယ်။ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းပုံစံနဲ့ အမျိုးအစားတွေကို ရွေးချယ်လို့ရပါမယ်။

15000 mAh - 20000 mAh ပါတဲ့ Power Bank တွေဆိုရင်တော့ ကိုယ့်ဖုန်း (ဒါမှမဟုတ်) တက်ဘလက်ကို အနည်းဆုံး (၂) ကြိမ်ကနေ (၃) ကြိမ်လောက်ထိတော့ သွင်းလို့ ရပါလိမ့်မယ်။ ဒါပေမဲ့ ဒီလို Power Bank တွေက Size ကြီးတာကြောင့်ရယ် သယ်ရပြုရတာ လေးတာကြောင့်ရယ်မို့ အိမ်မှာပဲ ဆောင်ထားတာမျိုးဆို ပိုအဆင်ပြေပါလိမ့်မယ်။

30000 mAh+ ပါတဲ့ Power Bank တွေကတော့ ကိုယ့်ဖုန်း အတွက်ဆိုရင် ပုံမှန်သုံးအတွက် အားအပြည့်ဆို တစ်ပတ်စာလောက် (ဒါမှမဟုတ်) နည်းနည်းပိုပြီး အားသွင်းနိုင်ပါလိမ့်မယ်။ တချို့ အမျိုးအစားတွေဆိုရင် Laptop တွေအတွက်ပါ အားသွင်းလို့ရနိုင်ပါလိမ့်မယ်။




■ ကိုယ့်အတွက် အား ဘယ်လောက် ပြန်သွင်းလို့ ရနိုင်မလဲ။


ဒါက လူတိုင်း သိချင်ကြတဲ့ မေးကြတဲ့ မေးခွန်းဖြစ်ပါတယ်။ ကိုယ့်ဖုန်းက Battery 4000 mAh ပါတယ်ဆိုပါတော့ 10000 mAh Power Bank နဲ့ဆိုရင် (၂) ခါခွဲလောက် အားပြန်သွင်းလို့ ရမယ်ဆိုပြီး တွက်လေ့ရှိကြပါတယ်။ တကယ်တော့ ဒီအကြိမ်အရေအတွက်က နည်းနည်းလွဲနေမှာ ဖြစ်ပါတယ်။ Battery တစ်ခုကနေ အခြား Battery တစ်ခုကို အား အရွှေ့အပြောင်း လုပ်ဖို့အတွက်ဆိုရင် စွမ်းအင် (energy) လိုပါတယ်။ Power Bank တော်တော်များများရဲ့ အမှန်တကယ်ပါဝင်တဲ့ အား မှာ အများဆုံး (30%) လောက်ထိက ဒီလို တစ်ခုကနေ တစ်ခုကို အားသွင်းရင်းနဲ့ ကုန်သွားတတ်ပါတယ်။ ဒါကြောင့်မို့ 10000 mAh Power Bank ဆိုရင် 7000 mAh ဝန်းကျင်လောက်ထိပဲ အသုံးပြနိုင်တဲ့ ပမာဏအနေနဲ့ သတ်မှတ်လို့ရမှာ ဖြစ်ပါတယ်။ ပြန်ကောက်ရမယ်ဆိုရင် အပေါ်က 4000 mAh ဖုန်းကို အားသွင်းမယ်ဆို တစ်ကြိမ်ကိုတော့ 100% ထိရပြီး နောက်တစ်ကြိမ်မှာတော့ (0% - 100%) ထိက ရချင်မှ ရတော့မှာ ဖြစ်ပါတယ်။ 




■ Input & Output


အားအများကြီးပါတဲ့ Power Bank အတုံးကြီးတွေ ဝယ်ထားမယ်၊ ဥပမာ - (30,000mAh) လောက် ဆိုပါတော့၊ ဒါပေမဲ့ သူ့ကို အားပြန်သွင်းရတဲ့ Input က ရိုးရိုး USB လေးနဲ့သွင်းရမယ်၊ Fast Charging မပါဘူး၊ ကိုယ်အားသွင်းတဲ့ Adapter နဲ့ Cable ကလည်း အိမ်မှာ ရှိတာလေးနဲ့ပဲ သွင်းမယ်ဆိုရင်တော့ 30,000 mAh ထိကို ပြည့်ဖို့ဆိုတာ အချိန်တော်တော်ပေးပြီး စောင့်ရမှာ ဖြစ်ပါတယ်။ Output မှာလည်း အတူတူပါပဲ ကိုယ့်ဖုန်းက Fast Charging တွေ ဘာတွေ support လုပ်ပေမဲ့ Power Bank နဲ့တွဲပြီး သုံးတဲ့ Cable က မကောင်းတာတို့၊ Power Bank ရဲ့ Output က Fast Charging ကို Support မလုပ်နိုင်တာတို့ဆိုရင် ပုံမှန်အားသွင်းတဲ့အတိုင်းပဲ သွင်းမှာဆိုတော့ အချိန်ကြာမှာ ဖြစ်ပါတယ်။ ဒါကြောင့် Power Bank ဝယ်မယ်ဆိုရင် Input တွေ Output တွေကိုလည်း တစ်ချက်တော့ ကြည့်ရမှာ ဖြစ်ပါတယ်။




■ ဘာ တံဆိပ်/အမျိုးအစားကို ရွေးဝယ်ရမလဲ။


Power Bank တွေက ရွေးချယ်စရာ အများကြီးရှိတယ်လို့ ပြောလို့ရပေမဲ့ လက်ရှိအခြေအနေအရ စျေးကွက်ရဲ့ ဝယ်လိုအား များလွန်းနေတာဆိုတော့ ရွေးချယ်ရခက်တဲ့အပြင် ကိုယ်လိုချင်တာမျိုး မရတာတွေ ဘာတွေ ရှိနိုင်ပါလိမ့်မယ်။ တံဆိပ်/အမျိုးအစားနဲ့ပြောရမယ်ဆိုရင်တော့ နာမည်ကြီးတဲ့ တံဆိပ်၊ လူသိများ၊ လူသုံးများတဲ့ တံဆိပ်၊ အရည်အသွေးကောင်းတဲ့ အမျိုးအစားတွေကို ရွေးချယ်ဝယ်ယူတာ အကောင်းဆုံး ဖြစ်ပါတယ်။ နောက်ပြီး Power Bank တွေရဲ့ စျေးကလည်း မသေးတာမို့ အာမခံ ပါတဲ့ ပစ္စည်းမျိုးတွေကိုပဲ ရွေးချယ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ 




■ Win Mobile World မှာရော ဘာ Power Bank တွေ ဝယ်လို့ရလဲ။


ပြောထားခဲ့ပြီးတဲ့အတိုင်း ဝယ်လိုအားက အရမ်းများနေတာရယ်၊ တချို့ ပစ္စည်းတွေဆို ရောက်ကုန် ဖြစ်နေတာမျိုးလေးတွေ ရှိပါလိမ့်မယ်။ ဒါပေမဲ့ in-stock ရှိနေတဲ့ ပစ္စည်းလေးတွေလည်း ရွေးချယ်စရာလေးတွေ ရှိပါသေးတယ်။ အသေးစိတ် မေးမြန်းစုံစမ်းဖို့အတွက် လိုအပ်ရင် ကျွန်တော်တို့ ဝင်းမိုဘိုင်းလ်ဝေါလ်ရဲ့ Facebook Page Chat Box (Messenger) မှာ မေးမြန်းနိုင်ပါတယ်။

 

Top