လူကြီးမင်းအသုံးပြုနေတဲ့ SIM Card တွေကို မိမိရဲ့ကိုယ်ပိုင်အချက်အလက်များနဲ့ မှတ်ပုံတင်ဖို့ မေ့နေပါသလား?

Date: 26/02/2020

အားလုံးပဲမင်္ဂလာပါခင်ဗျာ...

ကျွန်တော်တို့ Win Mobile World ရဲ့ အားပေးသူမိတ်ဟောင်းမိတ်သစ်များ အသုံးပြုလျက်ရှိကြတဲ့ MPT, Ooredoo, Telenor, MyTel အစရှိတဲ့ Smartphone SIM Card များကို မဖြစ်မနေ မှတ်ပုံတင်ထားဖို့လိုအပ်ပါတယ်ခင်ဗျာ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ SIM Card များ စနစ်တကျပြန်လည်မှတ်ပုံတင်နိုင်ရေး ကိစ္စနှင့်စပ်လျဥ်း၍ အသိပေးကြညာချက်ကို ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါ အသိပေးကြေညာချက်နှင့်ပတ်သတ်ပြီး အသေးစိတ်အချက်အလက်များကိုတော့ ဒီပို့စ်လေးမှာဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။ --> http://bit.ly/2Tbg0Rv

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာချက်တွင် SIM Card သုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာ Mobile Operator များက ဆောင်ရွက်ပေးလျက်ရှိတဲ့ မှတ်ပုံတင်ပြီး/ မပြီး စစ်ဆေးနိုင်မည့်နည်းလမ်းများဖြင့် မိမိတို့သုံးစွဲလျက်ရှိတဲ့ SIM Card များကို မိမိတို့၏ ကိုယ်ရေးအချက်အလက်များဖြင့် မှတ်ပုံတင်ထားသော SIM Card ဟုတ်/ မဟုတ် ဆိုတာကို မှန်/ မမှန် စစ်ဆေး၍ မမှန်ပါက သက်ဆိုင်ရာ ဆက်သွယ်ရေး အော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြစ်စေ၊ အရောင်းဆိုင်များတွင်ဖြစ်စေ သတ်မှတ်ထားသော နည်းလမ်းများဖြင့် ဇွန်လ (၃၀) ရက် ၂၀၂၀ ခုနှစ် နောက်ဆုံးထားပြီး ပြန်လည် မှတ်ပုံတင်ရမည်ဟုပါရှိပါသည်။

ထို့သို့မှတ်ပုံတင်ရာတွင် တည်ဆဲဥပဒေအရ ထုတ်ပေးထားသည့် မှတ်ပုံတင် (သို့မဟုတ်) သက်သေခံလက်မှတ် (သို့မဟုတ်) အသိအမှတ်ပြုကဒ်တခုခုဖြင့်အသုံးပြု၍​ Operator တစ်ခုလျှင် SIM Card (၂) ကဒ်ထက်ပို၍ မှတ်ပုံတင်ထားသော SIM Card များနှင့် အချက်အလက်မှန်ကန်စွာဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် SIM Card များကို ဧပြီလ (၃၀) ရက် ၂၀၂၀ ခုနှစ် နောက်ပိုင်း မှတ်ပုံတင်ရေးကိစ္စများကို စုံစမ်းနိုင်ရန် Call Center သို့ ခေါ်ဆိုနိုင်ခြင်းမှလွဲ၍​ အထွက်ဖုန်းခေါ်ဆိုမှု ပိတ်ထားခြင်းပြုလုပ်သွားမည်ဖြစ်ပြီး ဇွန်လ (၃၀) ရက် ၂၀၂၀ ခုနှစ် နောက်ပိုင်းတွင် အဆိုပါ SIM Card များကို အပြီးပိတ်သိမ်းသွားမည်ဟုပါရှိပါသည်။

ဆက်လက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာချက်တွင် သုံးစွဲသူများအနေဖြင့် မိမိတို့ အမှန်တကယ်သုံးစွဲနေသော SIM Card များကို ပိတ်သိမ်းခံရမှုမရှိစေရေးအတွက် မိမိတို့၏ SIM Card များကို မှန်ကန်စွာ မှတ်ပုံတင်ကြပါရန်နှင့် စျေးကွက်အတွင်း ရောင်းချနေသော ကြိုတင်မှတ်ပုံတင်ထားသည့် SIM Card များကို ဝယ်ယူခြင်းမပြုကြပါရန် အသိပေးကြေညာထားပါသည်။

ဒါကြောင့် ကျွန်တော်တို့ Win Mobile World ရဲ့ အားပေးသူမိတ်ဟောင်း မိတ်သစ်များအနေနဲ့ မိမိတို့ရဲ့ SIM Card များကို ပိတ်သိမ်းခြင်းမခံရလေအောင် မိမိတို့ရဲ့ အချက်အလက်မှန်မှန်ကန်ကန်နဲ့ မှတ်ပုံတင်ကြရအောင်လားခင်ဗျာ။ SIM Card မှတ်ပုံတင်ခြင်းနဲ့ မှတ်ပုံတင်ထားခြင်း ပြီး/ မပြီး စစ်ဆေးရန်အတွက် လိုအပ်ချက်များကို သက်ဆိုင်ရာ ဆက်သွယ်ရေးအော်ပရေတာများအလိုက် အောက်ဖော်ပြပါ ပုံများနှင့် စာပိုဒ်တွင် အသေးစိတ်ဖော်ပြပေးထားပါတယ်ခင်ဗျာ။

➧ SIM Card မှတ်ပုံတင်ရာတွင် လုပ်ဆောင်ရမည့်အချက်များ

• Online မှ မှတ်ပုံတင်ခြင်းပြုလုပ်ရန်အတွက် သက်ဆိုင်ရာ Operator ၏ Mobile Applications, Website (သို့မဟုတ်) သက်ဆိုင်ရာ ဆက်သွယ်ရေးအော်ပရေတာ၏ အရောင်းဆိုင်များတွင် မှတ်ပုံတင်ပါ။

• မိမိ၏ အမည်ရင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်၊ နိုင်ငံခြားသားအတွက် နိုင်ငံကူးလက်မှတ်၊ ယာဥ်မောင်းလိုင်စင်အမှတ် (သို့မဟုတ်) အခြားသက်သေခံကဒ်ပြားအမှတ်၊ မိမိနေထိုင်ရာလိပ်စာ စသဖြင့် အပြည့်အစုံ ဖြည့်သွင်းရမည်ဖြစ်ပါသည်။

• မိမိ SIM Card အတွက် မိမိအချက်အလက် မှန်/ မမှန် စစ်ဆေးရန်အတွက် မှတ်ပုံတင်စဥ် မိမိထည့်သွင်းရေးသားသည့် မိမိ၏ သက်သေခံကဒ်ပြား (ရှေ့/ နောက်) ဓာတ်ပုံတင်သွင်းရန်လိုအပ်ပါသည်။

➧ MPT SIM Card မှတ်ပုံတင်ခြင်း

• MPT Sim Card မှတ်ပုံတင်ပြုလုပ်ခြင်းကို MPT Branded Store များနှင့် မိတ်ဖက်အဖွဲ့အစည်း Branches List, Shop List များ နှင့် MPT4U Mobile Application (iOS + Android) တွင်ပြုလုပ်နိုင်ပါသည်။

• MPT SIM Card မှတ်ပုံတင်ပြုလုပ်ရာတွင် နိုင်ငံသားမှတ်ပုံတင်မူရင်း (သို့မဟုတ်) ကျောင်းသားကဒ်မူရင်း (သို့မဟုတ်) ယာဉ်မောင်းလိုင်စင်မူရင်း (သို့မဟုတ်) Passport မူရင်း (နိုင်ငံခြားသားများအတွက်သာ) ယူဆောင်လာရမည်ဖြစ်ပါသည်။

• MPT ၏ မိတ်ဖက်အဖွဲ့အစည်း Branches Lists, Shop List များကို http://bit.ly/mptbranchlists တွင်ကြည့်ရှုနိုင်ပါသည်။

• MPT SIM Card မှတ်ပုံတင်ခြင်းကို Online မှတဆင့်မှတ်ပုံတင်ခြင်းပြုလုပ်ရန်အတွက် http://bit.ly/mptregonline မှတဆင့်လုပ်ဆောင်နိုင်ပါသည်။

• MPT SIM Card မှတ်ပုံတင်ခြင်းကို MPT4U Mobile Application မှတဆင့်ပြုလုပ်နိုင်ပါသည်။ iOS အသုံးပြုဖုန်းများအတွက် Apple Apps Store တွင်ရယူနိုင်ပြီး Android အသုံးပြုဖုန်းများအတွက် http://bit.ly/mpt4uandroid တွင်ရယူနိုင်ပါသည်။

မှတ်ချက် ။ ။ စာချုပ်ဖြင့်ဝယ်ယူထားသော SIM Card များလည်း SIM Card မှတ်ပုံတင်ခြင်းပြုလုပ်ရမည်ဖြစ်ပါသည်။ SIM Card ဝယ်ယူထားသောစာချုပ်မှာ မိမိ၏အမည်နှင့်ဖြစ်ပါကလည်း SIM Card မှတ်ပုံတင်ခြင်းပြုလုပ်ရန်လိုအပ်ပါသည်။ MPT SIM Card မှတ်ပုံတင်ခြင်းနှင့်ပါတ်သတ်ပြီး အခက်အခဲတစုံတရာရှိပါက MPT Call Center နံပါတ် 106 သို့ခေါ်ဆိုမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

➧ Ooredoo SIM Card မှတ်ပုံတင်ခြင်း

• Ooredoo SIM Card ကိုယ်ပိုင်မှတ်ပုံတင်ခြင်းပြုလုပ်ရာတွင် ပထမဦးစွာ SIM Card အားမှတ်ပုံတင်ထားခြင်း ရှိ၊ မရှိကို *666# သို့ ဖုန်းခေါ်ဆို၍ စစ်ဆေးခြင်းပြုလုပ်ပါ။

• မိတ်ဆွေရဲ့ Ooredoo SIM Card မှတ်ပုံတင်ထားခြင်းမရှိပါက မှတ်ပုံတင်ခြင်းပြုလုပ်ရန်အတွက် Internet Connection - Mobile Data (သို့မဟုတ်) Wi-Fi ဖြင့်လုပ်ဆောင်ရမည်ဖြစ်ပါသည်။

• Ooredoo SIM Card မှတ်ပုံတင်ရန်အတွက် http://bit.ly/ooredooreg တွင် လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။

မှတ်ချက် ။ ။ မှတ်ပုံတင်ထားပြီးသော Ooredoo SIM Card အချက်အလက်များအား လုံခြုံစွာသိမ်းဆည်းထားမည်ဖြစ်ပြီး ၎င်းအချက်အလက်များကို OML Website အသုံးပြု၍ အချက်အလက်များကို ပြင်ဆင်ခြင်းမပြုလုပ်နိုင်ပါ။ ထို့အပြင် မိတ်ဆွေကိုယ်တိုင်မှတ်ပုံတင်ခြင်းသည် Ooredoo နှင့်ချိတ်ဆက်ထားသော စီးပွားရေးလုပ်ငန်းသုံး SIM Card များကိုမှတ်ပုံတင်ခြင်း မပြုလုပ်နိုင်ပါ။ ၎င်း စီးပွားရေးလုပ်ငန်းသုံး SIM Card များအတွက် သက်ဆိုင်ရာ Account Manager များနှင့်ဆက်သွယ်၍ မှတ်ပုံတင်ခြင်းပြုလုပ်နိုင်ပါသည်။

➧ Telenor SIM Card မှတ်ပုံတင်ခြင်း

• Telenor Myanmar သည် လက်ရှိတွင် SIM Card မှတ်ပုံတင်ခြင်းပြုလုပ်ရန်အတွက် မိတ်ဆွေကိုယ်တိုင်ဆောင်ရွက်နိုင်သည့် နည်းလမ်း (၉) သွယ်ဆောင်ရွက်ပေးထားပါတယ်ခင်ဗျာ။

• Telenor Website - http://bit.ly/telenorecaf

• Mobile Apps - iOS အသုံးပြုဖုန်းများအတွက် Apple Apps Store တွင်လည်းကောင်း၊ Android OS အသုံးပြုဖုန်းများအတွက် Google Play Store (သို့မဟုတ်) http://bit.ly/telenorandroid တွင် ရယူပြီးဆောင်ရွက်နိုင်ပါသည်။

• Facebook Messenger - http://bit.ly/telenorfb မှတဆင့် ဆောင်ရွက်နိုင်ပါသည်။

• Viber - 09790113252 မှ 3261 အထိ ၊ 09790285466 မှ 5490 အထိ ၊ 09790134738 တို့မှတဆင့် ဆောင်ရွက်နိုင်ပါသည်။

• Email - reg@telenor.com.mm မှတဆင့် Email ပို့၍ဆောင်ရွက်နိုင်ပါသည်။

• မြန်မာနိုင်ငံတဝှမ်းရှိ KBZ ဘဏ်ခွဲပေါင်း (၈၆) ဘဏ်တွင်လည်း ဆောင်ရွက်နိုင်ပါသည်။

• မြန်မာနိုင်ငံတဝှမ်းရှိ Telenor SIM Card မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း အမှတ်အသားထားရှိသော SIM Card လက်လီအရောင်းဆိုင်ပေါင်း (၄၂၀၀၀) ကျော်တွင်လည်း ဆောင်ရွက်နိုင်ပါသည်။

• မြန်မာနိုင်ငံအနှံ့ရှိ အဓိကမြို့ကြီး၊ မြို့ငယ်များရှိ Telenor အမှတ်တံဆိပ်အရောင်းဆိုင်ပေါင်း (၉၀) ခန့်တွင်လည်းဆောင်ရွက်နိုင်ပါသည်။

• မြို့နယ်ပေါင်း (၅၂) မြို့နယ်ရှိ အလင်းအိမ်စင်တာများက ပို့ချက်ပေးလျက်ရှိသော SIM Card မှတ်ပုံတင်ခြင်းသင်တန်းများတွင်လည်း ဆောင်ရွက်နိုင်ပါသည်။

➧ MyTel SIM Card မှတ်ပုံတင်ခြင်း

• MyTel SIM Card များကို မှတ်ပုံတင်ဖို့အတွက် လက်ရှိမှာတော့ MyTel SIM အရောင်းဆိုင်များနဲ့ MyTel Showroom တို့မှာပဲရရှိနိုင်ဦးမှာဖြစ်ပါတယ်ခင်ဗျာ။

Top